Myanmar! 2026 မဲဆောက်တွင် LGBT လူငယ်အသတ်ခံရမှု ကျူးလွန်သူများဖမ်းမိရေး LGBT အသိုင်းအဝိုင်းပူးပေါင်းကြိုးပမ်း, ဆေးကြောင်နေသော ခင်ပွန်းက ဇနီးသည်အား ခေါင်းဖြတ်သတ်မှု မှော်ဘီတွင် ယနေ့ဖြစ်ပွား, အလုပ်ကနေ စက်ဘီးနဲ့ပြန်လာတဲ့ အမျိုးသားကို ရွှေပြည်သာတံတားပေါ်မှာ သဲကားနဲ့ ကုန်ကားက တိုက်ကြိတ်လို့သေဆုံး, မြစ်ကြီးနားတွင် အမျိုးသားတစ်ဦးကိုသတ်ကာ အမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့ကြသည့် လုယက်သတ်ဖြတ်မုဒိမ်းမှုကျူးလွန်သူ ခုနစ်ဦးအနက် လေးဦးဖမ်းမိထားကြောင်း အတည်ပြု ထုတ်ပြန်, သီတာယုမွန်၏ ခင်ပွန်းဖြစ်သူ စိန်လွင်ကို အရေးယူနိုင်ရန် သက်ဆိုင်ရာကို လွှဲမည်, နှစ်သစ်တွင် ထိုင်းက မြန်မာ ၇၅ ဦးကို ကော့သောင်းသို့ ပြန်ပို့, ထိုင်းနိုင်ငံ ၊ တာ့ခ်ခရိုင်တွင် ထိုင်းအမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခံထားရသော မြန်မာအမျိုးသားတစ်ဦးကို ထိုင်းအာဏာပိုင်များက မှားယွင်း ပြည်နှင်ဒဏ်ပေးမှု ပြန်လည် ဖမ်းဆီးနိုင်ရေး ကြိုးစားနေ

2026.1.24 အလုပ်ကနေ စက်ဘီးနဲ့ပြန်လာတဲ့ အမျိုးသားကို ရွှေပြည်သာတံတားပေါ်မှာ သဲကားနဲ့ ကုန်ကားက တိုက်ကြိတ်လို့သေဆုံး
စက်ဘီးနဲ့ အလုပ်က ပြန်လာသူအမျိုးသားတစ်ဦးကို ကားတစ်စီးက တိုက်ကာ နောက်တစ်စီးကပါ ထပ်ကြိတ်မိလို့ သေဆုံးခဲ့တဲ့ဖြစ်စဉ် မနေ့က ဇန်နဝါရီလ ၂၂ ရက်နေ့ ည ၉ နာရီဝန်းကျင်က ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာတံတားပေါ်မှာ ဖြစ်ပွားခဲ့တယ်လို့ မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ ကနောင်လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။
ယာဉ်တိုက်ကြိတ်ခံရသူက အသက် ၃၅ နှစ်အရွယ်အမျိုးသားလို့သိရှိရပြီး ရွှေပြည်သာဘက်အခြမ်းတံတားပေါ်အတက်မှာ တွဲကားနဲ့ ကုန်တင်ကားက တိုက်ကြိတ်မိကာ အဆိုပါကားနှစ်စီးစလုံးကိုလည်း ထိန်းသိမ်းထားရှိတယ်လို့ သိရပါတယ်။
ကနောင် လူမှုကူညီရေးအသင်း တာဝန်ရှိသူက ” တွဲကားက တိုက်ပြီး ကုန်ကားက ကြိတ်တာလား၊ကုန်ကားက တိုက်ပြီး တွဲကားကကြိတ်တာလား ၊ မသိပါဘူး ။ ၂ စီးလုံးကိုတော့ ဖမ်းထားပါတယ်။ ကျွန်တော်တို့အသင်း တစ်သင်းထဲတော့မဟုတ်ဘူး၊ အခြားမိတ်ဖက်အသင်းတွေလည်းလာကြတယ်။ တိုက်မိတဲ့သူက အတော်ဆိုးဆိုးရွားရွားခန္ဓာကိုယ် ပျက်စီးသွားတာ။ ခေါင်းက ဦးနှောက်တွေထွက်တယ်။ လျှာလည်း ပြတ်ထွက်၊ လက်တွေလည်း ကျိုးပြတ်တာမျိုးဖြစ်တော့ တစ်စစီတော့ အင်္ဂါစုံအောင်ရှာဖွေ ကောက်ယူထုပ်ပိုးပေးခဲ့ပါတယ်။” လို့ MT News ကို ပြောပါတယ်။
အခင်းဖြစ်နေရာမှာ သက်ဆိုင်တာဝန်ရှိသူတွေရဲ့ စစ်ဆေးဆောင်ရွက်မှုတွေအပြီး လူမှုကူညီရေးအသင်းတွေက အချို့ ခန္ဓာကိုယ် အပိုင်းစတွေကောက်ယူကာ၊ အညစ်အကြေးတွေကို သေချာရှင်းလင်းပြီး သဲတွေနဲ့ ဖုံးအုပ်ပေးတာတွေ ပြုလုပ်ခဲ့ပေးခဲ့တယ်လို့သိရပါတယ်။ သေချာ ကောက်ယူထုပ်ပိုးထားတဲ့ ရုပ်အလောင်းကို လှိုင်သာယာဆေးရုံဆီ ကနောင် လူမှုကူညီရေးအသင်းက ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
2026.1.24 ဆေးကြောင်နေသော ခင်ပွန်းက ဇနီးသည်အား ခေါင်းဖြတ်သတ်မှု မှော်ဘီတွင် ယနေ့ဖြစ်ပွား
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်တွင် လင်မယားနှစ်ဦး ရန်ဖြစ် စကားများကြရာမှ ခင်ပွန်းဖြစ်သူက ဇနီးသည်အား ခေါင်းဖြတ်သတ်ဖြတ်မှု ယနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ယနေ့ ဇန်နဝါရီ ၂၄ ရက် နံနက် ၁၀ နာရီ ဝန်းကျင်က မှော်ဘီ၊ ဆတ်သွားတော၊ ပေတစ်ရာမြောက်ပိုင်းရပ်ကွက်တွင် နေထိုင်သည့် လူငယ်လင်မယား စကားများကြရာမှ နေအိမ်အတွင်း၌ပင် ခင်ပွန်းဖြစ်သူက ဇနီးသည်အား ဓားအရှည်ဖြင့် ခေါင်းဖြတ်သတ်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။
ထို့နောက် ခင်ပွန်းဖြစ်သူသည် ပြတ်သွားသည့် ဇနီးသည်၏ ခေါင်းပြတ်ကို လက်တစ်ဖက်ကကိုင်ကာ လက်တစ်ဖက်က ဓားကိုကိုင်၍ လမ်းမအလယ် ထွက်လာပြီး ခေတ္တ ထိုင်နေခဲ့သည်ကို CCTV မှတ်တမ်းတွင် တွေ့မြင်ရသည်။ ထို့နောက် တရားခံက လမ်းသွားလမ်းလာကားတစ်စီးကို တား၍ ဓားဖြင့် ခြိမ်းခြောက်ကာ ပြည်လမ်းအတိုင်း မှော်ဘီတိုးဂိတ်ဘက်သို့ မောင်းနှင်စေခဲ့သည်။ ယင်းနောက် တိုးဂိတ်အကျော်တွင် ခေါင်းအား ပစ်ချထားခဲ့ကြောင်းနှင့် ယင်းအားဖမ်းမိခဲ့ကြောင်း သိရသည်။
တရားခံလူငယ်နှင့် သေဆုံးသူအမျိုးသမီးငယ်တွင် ရင်သွေးနှစ်ဦးရှိပြီး ကျူးလွန်သူမှာ အလုပ်ထုတ်ခံရခြင်း၊ Slot Game များရှုံးခြင်းနှင့် မူးယစ်ဆေးနှင့်အရက်သေစာသုံးစွဲထားခြင်းများကြောင့် ဇနီးကို လည်ပင်းဖြတ်သတ်ဖြတ်လိုက်ခြင်းဖြစ်ကြောင်းနှင့် အမျိုးသမီး၏ ကြွင်းရစ်သော ရုပ်အလောင်းကို ဇာတိ သာယာဝတီမြို့နယ်သို့ မှော်ဘီဒေသခံလူမှုကူညီရေးအသင်းက ယနေ့ညနေတွင် ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
2026.1.24 မဲဆောက်တွင် LGBT လူငယ်အသတ်ခံရမှု ကျူးလွန်သူများဖမ်းမိရေး LGBT အသိုင်းအဝိုင်းပူးပေါင်းကြိုးပမ်း
မဲဆောက်မြို့၊မယ်တောင်ရပ်ကွက်တွင် ပြီးခဲ့သည့်ဇန်နဝါရီလ(၁၉)ရက်နေ့ညပိုင်းက လိင်စိတ်ခံယူမှုကွဲပြားသူ(LGBT)လူငယ်၊ ကိုတင်ဇော်ထွေး(ခ)ဧရာဝတီမ သတ်ဖြတ်ခံလိုက်ရသည့်အမှုတွင် ကျူးလွန်သူတရားခံများကိုဖမ်းမိရေး မဲဆောက်မြို့ရှိ LGBT ကွန်ယက်၊ တက်ကြွလှုပ်ရှားသူများက အာဏာပိုင်များနှင့်ပူးပေါင်းကြိုးပမ်းနေကြောင်းသိရသည်။
အသက်(၃၀)ဝန်းကျင်အရွယ် အဆိုပါ LGBT လူငယ်အား ဇန်နဝါရီလ(၂၀)ရက်နေ့က တောင်ယာစိုက်ကွင်းခြံဝင်းတစ်ခုအတွင်း ပစ္စည်းလုယက်သတ်ဖြတ်ခံလိုက်ရသည့်အနေအထား၊ ဒဏ်ရာဒဏ်ချက်များဖြင့် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ဖြစ်စဥ်အပေါ် မဲဆောက်မြို့ရှိ LGBT အသိုင်းအဝိုင်းက ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ နယ်စပ်အဖွဲ့အစည်းများနှင့်ပူးပေါင်းချိတ်ဆက်ကူညီဆောင်ရွက်နေကြောင်း LGBT ကွန်ယက်တာဝန်ရှိသူ ကိုလွင်ကိုဦးကဆိုသည်။
“ပစ္စည်းလုယူတာတင်မကဘူး သတ်ဖြတ်သွားတဲ့အထိပါဆိုတော့ စိတ်မကောင်းဘူး။ အမှုမှန်ပေါ်ပေါက်ရေးကိုလည်း သက်ဆိုင်ရာမိသားစုဝင်တွေနဲ့အတူ ဌာနဆိုင်ရာတွေနဲ့ချိတ်ဆက်ပြီးတော့ တရားခံမိအောင်ကျနော်တို့ကြိုးပမ်းသွားမယ်။ ကျနော်တို့LGBTကွန်ယက်အနေနဲ့လည်း ပြင်းပြင်းထန်ထန်ရှုံ့ချသွားဖို့ လုပ်ဆောင်နေတာဖြစ်တယ်” ဟု ၎င်းကပြောသည်။
သေဆုံးသူကိုတင်ဇော်ထွေးသည် လူမှုကွန်ယက်တွင်လူသိများအောင်မြင်နေသည့် အွန်လိုင်းဆယ်လီတစ်ယောက်ဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး၊ ငပု‌တောမြို့နယ်၊‌ ရေ ကျော်ကြီးကျေးရွာဇာတိ ဖြစ်သည်။ အာဏာပိုင်များကသေမှုသေခင်းစုံစမ်းချက်အရ အကြမ်းဖက်သတ်ဖြတ်ခံရလိုက်သည့်အနေအထားရှိ၍ ကျူးလွန်သူတစ်ဦးထက်မနည်းပိုနိုင်ကြောင်းလည်း သူ၏မိသားစုဝင်ထံကဆိုသည်။
“တစ်ယောက်မကတဲ့လူအင်အားနဲ့ သူ့ကိုလိမ်ညာချိန်းခေါ်ပြီးလုပ်သွားတာမျိုးတွေ့ရတယ်။ လုပ်သွားတဲ့သူတွေကိုမိဖို့အားလုံးကြိုးစားနေတယ်။ CCTV ကရတဲ့ အထောက်အထား၊ မျက်မြင်ရှိခဲ့တဲ့သူတွေရဲ့အကူအညီနဲ့ဖမ်းမိဖို့လုပ်နေကြတယ်” ဟု သေဆုံးသူ၏မိသားစုဝင်ကပြောသည်။
ကိုတင်ဇော်ထွေး၏ရုပ်အလောင်းကို ပြီးခဲ့သည့် ဇန်နဝါရီလ(၂၃) ရက်နေ့က မဲဆောက်ဆေးရုံကြီးတွင် သေမှုသေခင်းစစ်ဆေးပြီးနောက် ကျောင်းကြီးကျောင်းတိုက်တွင်ထားရှိကာ သံဃာတော်များဖြင့် အသုဘရှုတရားနာဆွမ်းကပ်ပြုလုပ်ခဲ့သည်။
ယနေ့ ဇန်နဝါရီလ(၂၄)ရက်နေ့ နေ့လည် (၁၂) နာရီအချိန်တွင် ကျောင်းကြီး ကျောင်းတိုက်မှ မဲဆောက်မြို့ရှိ မြူနီစပါယ်(ထေ့စဘန်း) သုဿာန်သို့ပို့ဆောင်သင်္ဂြိုလ်မည်ဖြစ်ကြောင်းလည်း မိသားစုဝင်များကပြောသည်။
2026.1.22 သီတာယုမွန်၏ ခင်ပွန်းဖြစ်သူ စိန်လွင်ကို အရေးယူနိုင်ရန် သက်ဆိုင်ရာကို လွှဲမည်
မန္တလေးတိုင်း၊ မြင်းခြံမြို့က စစ်တပ်လက်ပါးစေ ပြည်သူ့စစ်ခေါင်းဆောင် သီတာယုမွန်ရဲ့ ခင်ပွန်းဖြစ်သူ စိန်လွင်ကို မြင်းခြံခရိုင် တပ်ရင်း ၃ က ဖမ်းဆီးမိပြီးတဲ့နောက် စစ်ဆေးမှုတွေ လုပ်နေပြီး အရေးယူနိုင်ဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနကို လွှဲပြောင်းအပ်နှံသွားမယ်လို့ တာဝန်ရှိသူက DVB ကို ပြောပါတယ်။
ဇန်နဝါရီ ၁၄ ရက် မနက်ပိုင်းမှာ မြင်းခြံ-ပုဂံညောင်ဦးလမ်းမှာ ကားနဲ့ ခရီးထွက်လာတဲ့ စိန်လွင်နဲ့ အမျိုးသမီး ၂ ယောက်ကို မူးယစ်ဆေးဝါးတွေနဲ့အတူ မြင်းခြံခရိုင်အမှတ် (၃) တပ်ရင်း၊ တပ်ခွဲ ၂ က ဖမ်းဆီးမိခဲ့တာပါ။
စိန်လွင် ဆိုသူဟာ မြင်းခြံမြို့နယ် ၁၉ ရပ်ကွက် ပြည်သူ့စစ် ဒုတိယခေါင်းဆောင်လည်း ဖြစ်သလို စစ်တပ်အရာရှိတွေနဲ့ ပူးပေါင်းပြီး သူ့ဇနီးကို ပြည်သူ့စစ်ခေါင်းဆောင် ဖြစ်အောင် ကြိုးစားပေးခဲ့သူ ဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောကြပါတယ်။
လက်ရှိမှာတော့ သူ့ကို မြင်းခြံခရိုင် တပ်ရင်း ၃ က ထိန်းသိမ်းထားကာ စစ်ဆေးမှုနေပြီး စစ်ဆေးမှု ပြီးဆုံးရင်တော့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနကို လွှဲအပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
မြင်းခြံခရိုင် တပ်ရင်း ၃၊ ဒုတပ်ရင်းမှူး ကိုမင်းသားကြီးက “သူကတော့ ဘူးခံနေတာကြီးပဲ၊ ပွင့်ပွင့်လင်းလင်း ပြောရရင် သီတာယုမွန် ဖြစ်လာဖို့အတွက် သူက အနောက်က လက်မည်းပုံစံမျိုးပဲ။ အကုန်လုံးရှိသမျှ ဗိုလ်တွေ၊ ခရိုနီတွေ ချိတ်ဆက်မှုတွေအကုန် သူပဲ လုပ်ပေးခဲ့တာ။ အခုလက်ရှိကတော့ ကျနော့်ဆီမှာပဲ ရှိတယ်ပေါ့နော်။ ဖမ်းဆီးထိန်းသိမ်းထားတယ်၊ အင်ဖော်မေးရှင်း ရသလို စစ်ဆေးမေးမြန်းချက်တွေလည်း ရှိတယ်။ ခရိုင်ကနေလည်း စစ်ဆေးမေးမြန်းမှုတွေ လုပ်တယ်။ အခု ကျနော်တို့လည်း စစ်တယ်။ ခရိုင် IO ကိုယ်တိုင်လည်း လာစစ်ပါ၊ ကျနော်တို့ စစ်ခွင့်ပေးတယ်။ နောက်ပြီးရင် သူ့မှာပါလာတဲ့ပစ္စည်းတွေနဲ့ သက်ဆိုင်ရာကို လူရော အကုန်လွှဲအပ်မှာပေါ့။ ကျန်တာတွေကတော့ သူတို့ဘာသာသူတို့ ဆက်လုပ်ပါလိမ့်မယ်။ ကျနော်တို့ကတော့ ဘာမှဆက်လုပ်စရာ မရှိပါဘူး”လို့ ပြောပါတယ်။
သီတာယုမွန်ဟာ အရင်က ကြံ့ခိုင်ရေးပါတီ ထောက်ခံသူ အမျိုးသမီး ဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ့စစ်တွေ ဖွဲ့စည်းချိန်မှာ သူက မြင်းခြံမြို့ရဲ့ ပြည်သူ့စစ်ခေါင်းဆောင် ဖြစ်လာသူပါ။
သီတာယုမွန် အဖွဲ့ဟာ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးတဝိုက်က တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်တဲ့ကျေးရွာတွေကို စစ်ကြောင်းထိုးတာ မီးရှို့တာတွေလည်း လုပ်ဆောင်လေ့ရှိတယ်လို့ မြင်းခြံဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် အဲဒီဒေသတွင်းက NLD ပါတီဝင်တွေနဲ့ ပါတီထောက်ခံသူတွေကို သတ်ဖြတ်ရာမှာလည်း ပါဝင်တယ်လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
သီတာယုမွန်ဟာ စစ်တပ်အရာရှိပိုင်းတွေရဲ့ ကျောထောက်နောက်ခံပေးမှုနဲ့ မြင်းခြံမြို့ပေါ်က အုပ်ချုပ်ရေး၊ အမှုအခင်းတွေနဲ့ စစ်မှုထမ်းကိစ္စတွေကို ဦးဆောင်ကိုင်တွယ်နေသလို ရရှိလာတဲ့ ငွေကြေးတွေကို သူ့ကိုယ်ကျိုးအတွက် အသုံးချနေတာတွေ ရှိတယ်လို့ သူ့လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက ပြောဆိုတာတွေလည်း ရှိပါတယ်။
လက်ရှိမှာ တော်လှန်ရေးတပ်တွေ ဖမ်းဆီးတာကို ခံထားရတဲ့ စိန်လွင်ဟာ သူနဲ့ ကွာရှင်းထားတာ ၄ နှစ်ကျော်ပြီဖြစ်တဲ့ သူ့ရဲ့ ခင်ပွန်းဟောင်းဖြစ်တယ်လို့ သီတာယုမွန်က သူရဲ့ လူမှုကွန်ရက်မှာ ပြောဆိုနေတာတွေလည်း တွေ့ရပါတယ်။
ခင်ပွန်းဖြစ်သူ ဖမ်းဆီးခံရပြီးနောက်ပိုင်း လက်ရှိ မြင်းခြံမြို့ပေါ်မှာတော့ သီတာယုမွန်ရဲ့ တပ်တွေ လှုပ်ရှားနေတာ တွေ့ရပြီး သီတာယုမွန်ကိုတော့ အပြင်ထွက် သွားလာတာ မတွေ့ရဘူးလို့ မြင်းခြံမြို့ခံတွေက ပြောပါတယ်။
မြင်းခြံမြို့ခံတယောက်က “ဒီကောင်ကတော့ အေးအေးဆေးဆေးသမားဗျ၊ သူ့ယောကျ်ားကတော့ အဲဒီလိုကြီးတွေတော့ မပါဘူး၊ သူက ကျန်တဲ့သူတွေနဲ့ပဲ လှုပ်ရှားရတာပေါ့၊ ပေါင်းတာတော့ ပေါင်းတယ်၊ သူတို့ဟာသူတို့ အရှုပ်အရှင်းတော့ ဘယ်လိုရှိသလဲ ကျနော်တို့ မသိဘူးပေါ့၊ သူကတော့ သွားလာသောက်စားနေတာပဲ၊ အဲဒီလောက်ပဲ၊ ဟိုလိုမျိုးတွေတော့ မရှိပါဘူး၊ အစပိုင်းတော့ မသိဘူးပေါ့၊ နောက်ပိုင်းတော့ ဘာသံမှကို မကြားရတာ သူ့ယောက်ျားက။ ဒီမှာတော့ တခုခုဆို သူ့ဆီပဲ သွားတာပေါ့။ အကြွေးတောင်းတို့၊ ပြဿနာတွေ ဘာတွေဆို သူက ပိုက်ဆံယူပြီး ဖြေရှင်းပေးတာပေါ့၊ အကုန်လုံးကို သူက ချုပ်ကိုင်ထားသလို ဖြစ်လာတာပေါ့”လို့ ပြောပါတယ်။
သီတာယုမွန် ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့ဟာ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးတဝိုက်ကို တပ်ဖြန့်ချထားပြီး ကျေးရွာတွေကို စစ်ကြောင်းထိုးတာ၊ မီးရှို့တာတွေကို လုပ်ဆောင်နေသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့လည်း မကြာခဏ တိုက်ပွဲဖြစ်နေပါတယ်။
2026.1.21 မြစ်ကြီးနားတွင် အမျိုးသားတစ်ဦးကိုသတ်ကာ အမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့ကြသည့် လုယက်သတ်ဖြတ်မုဒိမ်းမှုကျူးလွန်သူ ခုနစ်ဦးအနက် လေးဦးဖမ်းမိထားကြောင်း အတည်ပြု ထုတ်ပြန်
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် အမျိုးသားတစ်ဦးကိုသတ်ဖြတ်ကာ အမျိုးသမီးတစ်ဦးကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့ကြသည့် လုယက်သတ်ဖြတ်မုဒိမ်းမှုကျူးလွန်သူ ခုနစ်ဦးအနက် လေးဦးဖမ်းမိထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက အတည်ပြု သတင်း ထုတ်ပြန်သည်။
ဖြစ်စဥ်မှာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက် ည ၈ နာရီ ၃၀ မိနစ်တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ စီတာပူရပ်ကွက်ရှိ “ဘမ်ဘင်” ကချင်ရိုးရာစားသောက်ဆိုင်အနီးတွင် မျက်နှာအား Mask များ တပ်ဆင်ထားသည့် အမည်မသိ အမျိုးသား ခုနစ်ဦးမှ မော်တော်ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသမီး သုံးဦးအား တားဆီးပြီး ၎င်းတို့ကို လမ်းဘေး၌ ဒူးထောက်ထိုင်စေကာ လက်ကိုင်ဖုန်း သုံးလုံး၊ ငွေ ၅၂၀,၀၀၀ ကျပ်နှင့် ၎င်းတို့စီးနင်းလာသည့် ဆိုင်ကယ်အား လုယက်မှု ကျုးလွန်ခဲ့သည်။
ထိုစဉ် ဦးဇော်မိုးအောင်ဆိုသူ မောင်းနှင်လာသည့် MAZDA အမျိုးအစား မော်တော်ယာဉ်အား ၎င်းတို့က ထပ်မံတားဆီးကာ ၎င်းတို့လေးဦးအား သေနတ်ပြခြိမ်းခြောက်၍ မော်တော်ယာဉ်ဖြင့် တင်ဆောင်ခေါ်သွားခဲ့ပြီး တပ်ကုန်းရပ်ကွက်ရှိ သင်္ချိုင်းကုန်းအနီးအရောက်၌ အမျိုးသမီး နှစ်ဦးတို့အား မော်တော်ယာဉ်ပေါ်မှ ဆင်းစေကာ ၎င်းတို့ထံမှ စိန်နားကပ် တစ်ရံ၊ ရွှေနားကပ် တစ်ရံနှင့် ရွှေလက်စွပ် တစ်ကွင်းတို့အား လုယက်ယူဆောင်၍ ကျန်အမျိုးသမီး တစ်ဦးနှင့် ဦးဇော်မိုးအောင်တို့အား ဆက်လက်ခေါ်ဆောင်သွားခဲ့ပြီး ၎င်းအမျိုးသမီးအား အမည်မသိ အမျိုးသား ခုနစ်ဦးမှ သားမယား ပြုကျင့်ပြီး ၎င်းထံမှ ရွှေနားကပ် တစ်ရံအား လုယက်ယူဆောင်၍ ပြန်လွှတ်ပေးခဲ့ကာ ဦးဇော်မိုးအောင်အား သတ်ဖြတ်ပြီး မော်တော်ယာဉ်အား ယူဆောင်သွားခဲ့သဖြင့် ပြစ်မှုကျူးလွန်သူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး မြစ်ကြီးနားမြို့မရဲစခန်း (ပ)၁၂၇/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၉၅/၃၇၆/၁၁၄ နှင့် (ပ)၂/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၉၆ တို့ဖြင့် အမှုရေးဖွင့်ဆောင်ရွက်ခဲ့သည်။
ပြစ်မှုကျူးလွန်သူ တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့က စုံစမ်းစစ်ဆေးဆောင်ရွက်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက် နံနက် ၆ နာရီတွင် မြစ်ကြီးနားမြို့နယ်၊ ရာဒါကောင်း(ဘီ)ရပ်ကွက်ရှိ လမ်းသွယ်(၇)၌ မြစ်ကြီးနားမြို့နယ်၊ တပ်ကုန်းရပ်ကွက်နေ တရားခံ ရှိုင်းထက်လွင်(ခ)ဇင်မင်းလွင်(ခ)မျိုးဂျက်အောင်(၂၀)နှစ်အား ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်စဉ်က ၎င်းတို့လုယက်ယူဆောင်သွားခဲ့သည့် KCN-16/1N-XXXX နံပါတ်ပါ MAZDA အမျိုးအစား မော်တော်ယာဉ် တစ်စီးနှင့် သေဆုံးသူ ဦးဇော်မိုးအောင်ထံမှ လုယက် ယူဆောင်ခဲ့သည့် Apple Watch အဖြူရောင်နာရီ တစ်လုံးတို့အား သိမ်းဆည်းရမိခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သော တရားခံများအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်ခဲ့ရာ ဒီဇင်ဘာ ၃၁ ရက် ည ၁၀ နာရီ ၃၀ မိနစ်တွင် မြစ်ကြီးနားမြို့နယ်၊ တပ်ကုန်းရပ်ကွက်၊ အင်ဒုံဂျန်(မြောက်)ရပ်ကွက်နေ တရားခံ ဆိုင်းဒူ(၁၇)နှစ်အား ၎င်းတို့လုယက်ယူဆောင်သွားသည့် နားကပ် သုံးရံနှင့်အတူ တစ်ရပ်ကွက်တည်းနေ ၎င်း၏ဦးလေးဖြစ်သူနေအိမ်၌ ဖမ်းဆီးရမိခဲ့သည်။
ဆက်လက်၍ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက် ည ၁၁ နာရီ ၃၀ မိနစ်တွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နောင်းမြီကျေးရွာနေ တရားခံ တန်ဘောင်နော်အောင်(ခ)အေအိုင်နော်(ခ)နော်အောင်(၂၆)နှစ်အား ၎င်းငှားရမ်းနေထိုင်သည့် မြစ်ကြီးနားမြို့နယ်၊ စီတာပူရပ်ကွက်ရှိ အိမ်ငှားတန်းလျား တိုက်ခန်းအမှတ် (SN-148)၌ လည်းကောင်း၊ ဇန်နဝါရီ ၁၅ ရက် နံနက် ၈ နာရီ ၅ မိနစ်တွင် တပ်ကုန်းရပ်ကွက်နေ တရားခံ နော်လီ(၃၁)နှစ်အား ၎င်းစီးနင်းလာသည့် MDY/80W-XXXX ADIXIN 125 ဆိုင်ကယ် တစ်စီးနှင့်အတူ စီတာပူရပ်ကွက်ရှိ “ရှမ်းချယ်ရီ” ထမင်းဆိုင်၌ လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့ပြီး တရားခံ နော်လီ ငှားရမ်းနေထိုင်သည့် ကြက်ပေါင်ခြံရပ်ကွက်ရှိ အိမ်အမှတ် (ကပခ-၂/၀၃၉)အား သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာ နေအိမ်အိပ်ခန်းအတွင်းမှ MA-3(ခေါက်ဒင်) သေနတ် တစ်လက်၊ ကျည်အိမ် တစ်ခု၊ ၅.၅၆ ကျည် ၁၇ တောင့်၊ လက်ထိပ် တစ်ကွင်း၊ REDELL တံဆိပ်ပါ လက်ကိုင်စကားပြောစက် တစ်လုံး၊ မှတ်ပုံတင် တစ်ခုနှင့် အိမ်ထောင်စုဇယား တစ်ခုတို့အား ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ ရှိုင်းထက်လွင်(ခ)ဇင်မင်းလွင် (ခ)မျိုးဂျက်အောင်၊ ဆိုင်းဒူ၊ တန်ဘောင်နော်အောင်(ခ)အေအိုင်နော်(ခ)နော်အောင်နှင့် နော်လီတို့ လေးဦးအား တရားဥပဒေနှင့်အညီ ထိရောက်စွာ အပြစ်ပေးအရေးယူနိုင်ရေးနှင့် ဖမ်းဆီးကျန်တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
2026.1.5 နှစ်သစ်တွင် ထိုင်းက မြန်မာ ၇၅ ဦးကို ကော့သောင်းသို့ ပြန်ပို့
စစ်အာဏာရှင်တပ်က အဓမ္မစစ်သားစုဆောင်းနေချိန် ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသည့် မြန်မာနိုင်ငံသား ၇၅ ဦးကို ယနေ့ ကော့သောင်းမြို့သို့ ပြန်ပို့လိုက်ကြောင်း ကိုယ်တိုင်လိုက်ပါပို့ဆောင်သော မြန်မာနိုင်ငံသားထံမှ သိရသည်။
ယခု ၂၀၂၆ ခုနှစ် နှစ်သစ်တွင် ပထမအကြိမ် မြန်မာနိုင်ငံသား ၇၅ ဦးကို နေရပ်ပြန်ပို့လိုက်ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားသော မြန်မာနိုင်ငံသား အမျိုးသား ၆၂ ဦး၊ အမျိုးသမီး ၁၃ ဦး စုစုပေါင်း ၇၅ ဦးနှင့်အတူ ကလေး ၂ ဦးကို ယနေ့ ဇန်နဝါရီလ ၅ ရက် နေ့လယ် ၁၁ နာရီခွဲတွင် ကော့သောင်းမြို့သို့ လွှဲပြောင်းလိုက်သည်။
ပြီးခဲ့သော ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင်လည်း မြန်မာနိုင်ငံသား ၁၇၅ ဦးကို နေရပ်ပြန်ပို့ခဲ့သေးသည်။
၂၀၂၅ ခုနှစ်အတွင်း ရနောင်းမှ ကော့သောင်းသို့ နေရပ်ပြန်ပို့ခံရမှု ၁၆ ကြိမ်ရှိခဲ့ပြီး နေရပ်ပြန်ပို့ခံရသူ ၂၀၇၂ ဦးရှိခဲ့သည်။
၂၀၂၄ ခုနှစ်တွင်မူ ရနောင်းထိန်းသိမ်းရေးစခန်းမှ ကော့သောင်းသို့ ပြန်လွှဲပြောင်းပေးမှုအကြိမ်ရေ စုစုပေါင်း ၁၄ ကြိမ်ရှိပြီး မြန်မာနိုင်ငံသား ၂၀၀၅ ဦးကို နေရပ်ပြန်ပို့ခဲ့သည်။
နေရပ်ပြန်ပို့မည့် မြန်မာနိုင်ငံသားများကို ရနောင်း ခေါင်နန်းဟောင်မီးပြတိုက်လမ်းမှတစ်ဆင့် ကော့သောင်းဘက်သို့ စက်လှေများဖြင့် လွှဲပြောင်းပေးခဲ့ကြောင်း ကိုယ်တိုင်လိုက်ပါပို့ဆောင်သူက ပြောသည်။
ထိုင်းအစိုးရက မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းလိုက်သူများကို စစ်ကော်မရှင်က စစ်မှုထမ်းအဖြစ် အဓမ္မခေါ်ဆောင်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း စစ်မှုထမ်း စုဆောင်းခံရရာမှ လွတ်မြောက်လာသူများထံမှ သိရသည်။ x1200
2026.1.4 ထိုင်းနိုင်ငံ ၊ တာ့ခ်ခရိုင်တွင် ထိုင်းအမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခံထားရသော မြန်မာအမျိုးသားတစ်ဦးကို ထိုင်းအာဏာပိုင်များက မှားယွင်း ပြည်နှင်ဒဏ်ပေးမှု ပြန်လည် ဖမ်းဆီးနိုင်ရေး ကြိုးစားနေ
ရန်ကုန်၊ ဇန်နဝါရီ ၄
ထိုင်းနိုင်ငံ မြောက်ပိုင်း၊ တာ့ခ် (Tak) ခရိုင်တွင် ထိုင်းအမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခံထားရသော မြန်မာအမျိုးသားတစ်ဦးကို ထိုင်းအာဏာပိုင်များက မှားယွင်း ပြည်နှင်ဒဏ်ပေးလိုက်သဖြင့် ယင်းအမျိုးသားကို ပြန်လည် ဖမ်းဆီးနိုင်ရေး ကြိုးပမ်းနေကြောင်း ထိုင်းအာဏာပိုင်များက ပြောဆိုသည်။
ထိုင်းအစိုးရ၊ လူဝင်မှုကြီးကြပ်ရေးအရာရှိများက လူသတ်မုဒိမ်းကျင့်မှုအတွက် သံသယရှိနေသူကို မှားယွင်းပြည်နှင်ဒဏ်ပေးမိခဲ့ခြင်းဖြစ်ပြီး ဌာနများအကြား ဆက်သွယ်ရေး လွဲမှားမှုကြောင့် ယခုကဲ့သို့ ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်ဟု အာဏာပိုင်များက ပြောကြားထားသည်။
အဆိုပါ ဖြစ်ရပ်မှန် စုံစမ်းစစ်ဆေးရေးကော်မတီက အမျိုးသားကို လွှတ်ပေးမှုမှာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်းလား သို့မဟုတ် ပေါ့ဆမှုကြောင့်လား ဆိုသည်ကို ဆုံးဖြတ်သွားမည်ဖြစ်ကာ ပါဝင်ပတ်သက်သူ မည်သူ့ကိုမဆို ဌာနဆိုင်ရာ အရေးယူမှုနှင့် ရာဇဝတ်မှုဆိုင်ရာ အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
လူဝင်မှုကြီးကြပ်ရေး တပ်ဖွဲ့ခွဲ (၅) ၏ တပ်မှူး ရဲဗိုလ်ချုပ် ဆာရာဝုဒ် ခွန်ယိုင် (Pol Maj Gen Sarawut Khonyai) က တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေး အရာရှိများအနေဖြင့် ဖြစ်ရပ်မှန်အားလုံးကို စုဆောင်းတင်ပြရန် ဇန်နဝါရီလ ၃ ရက်နေ့တွင် အမိန့်ပေးခဲ့သည်။
ထိုင်းအမျိုးသမီးကို မုဒိမ်းကျင့်လူသတ်မှုမှာ ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာလ ၁၁ ရက်နေ့တွင် အသတ်ခံရသော အမျိုးသမီး၏ မိခင်ဖြစ်သူက သမီးဖြစ်သူအတွက် တရားမျှတမှုရရှိရန် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်စ်သည်။
လူသတ်မုဒိမ်းကျင့်မှုအတွက် သံသယရှိသူ “ထွန်းသာအောင်” (Thonta Aung) ဟု ဖော်ထုတ်ထားသူကို နိုဝင်ဘာလ ၁၅ ရက်နေ့ မဲဆောက်မြို့ရှိ တာ့ခ်လူဝင်မှုကြီးကြပ်ရေးရုံးသို့ လွှဲပြောင်းပေးခဲ့ကြောင်း တပ်ဖွဲ့ခွဲ (၅) ၏ ထုတ်ပြန်ချက်အရ သိရသည်။
ယင်းနေ့မှာပင် ရဲတပ်ဖွဲ့က ၎င်းသည် လူသတ်မှုဖြင့် သံသယရှိသူဖြစ်သောကြောင့် ပြည်နှင်ဒဏ်ပေးမှုကို ဆိုင်းငံ့ထားရန် အကြောင်းကြားစာ ပေးပို့ခဲ့သော်လည်း မှားယွင်းလွှတ်လိုက်မိခြင်း ဖြစ်သည်ဟု သိရှိရသည်။

评论

发表回复

您的邮箱地址不会被公开。 必填项已用 * 标注

More posts